(၁) ရခိုင်မုန့်တီ အရည်/အသုပ်
ငါးခူကိုပဲသုံးထားပါတယ်။ ဟင်းရည်အတွက် ပဒဲကောရယ် ဂျင်းရယ် အနည်းငယ်သုံးထားပါတယ်။ (ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်)
ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့အတွက်ချန်ပါမယ်။
ငရုတ်စိမ်းတွေပြုတ်ပါမယ်။ ဆားသကြားခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထားတဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ်။ (မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်)
ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။
ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ် စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ် (ဆားထပ်ခတ်ဖို့လိုမယ် သကြားနည်းနည်း) ။
ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင်။
(၂) ရခိုင်မုန့်တီ အသုပ် နှင့် အရည်
ပါဝင်ပစ္စည်းများ
- မုန့်ဖတ် - ၅၀ သား
- ငါးခူ - ၁ကောင် (ဟင်းရည်ပြုလုပ်ရန်)
- ငါးဖယ် - ၁၀ သား (ကြော်ပြီး အရှည်လှီးထားပါ)
- ငရုတ်သီးစိမ်း - ၂၀တောင့်
- မျှင်ငပိ - အနည်းငယ်
- မန်ကျည်းသီးမှည့် - ကွမ်းသီးလုံးခန်.(ရေနွေးစိမ်ထားပါ)
- စပါးလင်- ၁ ပင်
- ပဒဲကော - ၁ တက်
- ငါးငံပြာရည်- အနည်းငယ်
- နနွင်းမှုန့် - အနည်းငယ်
- အရသာမှုန့် - အနည်းငယ်
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ငရုတ်သီးအကျက်မှုန့် - အနည်းငယ်
- နံနံပင် - အနည်းငယ်
- ကြက်သွန်ဖြူကြော်နှင့်ဆီချက်
ဟင်းရည်အတွက် ပြင်ဆင်ရန်
အရင်ဆုံး ငါးခူကိုရေဆေးသန်.စင်ပြီး နနွင်းမှုန်.၊ငပိ ၊ငံပြာရည် ၊အရသာမှုန့်တို့နှင့်
ရောနယ်ပါ။ ပြီးရင် စပါးလင်ကို ဓါးပြားရိုက်၊ ပဒဲကောကို ပါးပါးလှီးပြီး ငါးနဲ့ထည့်ပြုပ်ပါ။ငါးနူးရင် ဆယ်ပြီးအသားနွှင်ထားပါ။
အရိုးတွေကိုပြန်ထည့်ပြုပ်ပြီး ဟင်းရည်ရပြီဆိုရင် အရိုးအားလုံးကို ခပ်ထုတ်ပါ။ငရုတ်ကောင်းမှုန့်ထည့်ပါ။
ငရုတ်သီးစိမ်းကို ရေနွေးနဲ.ပြုပ်ပြီးညက်အောင် ထောင်းထားပါ။
ရခိုင်မုန့်တီသုပ်ပြင်ဆင်ရန်
ဇလုံတစ်ခုထဲသို့ မုန့်ဖတ်တစ်ယောက်စာ၊ငါးအသား၊ ငံပြာရည်၊ မန်ကျည်းရည်၊ ငရုတ်သီးပြုပ်ထောင်း၊
အရသာမှုန့်၊ ငရုတ်သီးအကျက်မှုန့်တို့ထည့်ပြီး သမအောင်ရောနယ်ပါ။
အရသာအဆင်ပြေရင် ပန်းကန်ထဲထည့်ပါ။ ငါးဖယ်၊ ကြက်သွန်ဖြူကြော်၊နံနံပင်ထည့်ပါ။
အခုဆိုရင် အရသာစပ်စပ်လေးနဲ.ရခိုင်မုန်.တီသုပ်ကို ငါးပြုပ်ရည်လေးနဲ့သုံးဆောင်နိုင်ပါပြီ။
ရခိုင်မုန့်တီအရည်နဲ့ပြင်ဆင်ရန်
ပန်းကန်ထဲကို မုန့်ဖတ်၊ ငါးအသား၊ ငရုတ်သီးစိမ်းပြုပ်ထောင်း၊ ငံပြာရည်၊ မန်ကျည်းရည်၊ ကြက်သွန်ဖြူကြော်၊ ဆီချက်၊ ငါးဖယ်၊ နံနံပင်ထည့်ပါ။ ပြီးရင် ငါးပြုပ်ရည်လေးခပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
(၃) အာပူလျှာပူ နဲ့ မုန့်တီသုပ်
အာပူ ဟင်းရည်
ငါးကို သန့်စင်ပြီး ဆားဆနွင်းနဲ့ ရေနဲနဲ ထည့်ပြုပ်ပါတယ်။ ကျက်တော့အသားသင်ပြီး တစ်ဝတ်ကို ဂျင်းကြက်သွန်ဖြူ နဲ့ ရေခြောက်အောင်လှော်ပြီး အရိုးပြုပ်ရည်အိုးထဲထည့် ဆူအောင်တည်ပြီး ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည်လေးစစ်ထည့်ပါ။
ငရုတ်သီးစိမ်း လိုသလောက် ထောင်းထည့်ပါ။ အချိုငံ မြည်းပြီး ငရုတ်ကောင်း ပတဲကော ထည့်လိုက်ရင် အာပူဟင်းရည်ရပါပြီး။
မုန့်တီသုပ် တွက် ငါးဆီသက်
ငါးဖယ်ကြော်ပါ။ ကြက်သွန်ဖြူ ဆီသက်ထားပါ။
ကျန်ဆီ အနဲငယ် နဲ့ ငါးအသား တစ်ဝတ်ကို ဂျင်းကြက်သွန်ဖြူ ဆီသက်ပါ။ ပုဇွန်ငပိ အနဲငယ် ထည့်ပါ။ ကျက်တော့ ငါးသင်ထားတာ ထည့်ပါ။ ပုဇွန်ငံပြာရည် အချိုမှုန့် ထည့်ပါ။ ငရုတ်သီးစိမ်း လိုသလောက် ထောင်းထည့်ပါ။
ရေအနဲငယ် ထည့် ပြီး ကြော်ပါ ဒါဆို အသုပ်အတွက် ငါးဟင်း ကျက်ပါပြီး။
မုန့်တီသုပ်
မုန့်ဖက် ထည့်ပြီး ငါး ဆီသက်ပါ။ ကြက်သွန်ဖြူ၊ ဆီချက်၊ ပုဇွန်ငံပြာရည်၊ အချိုမှုန့်၊ ပဲသီး ကြိုက်ရင်ထည့်ပါ။ ဗမာနံနံ၊ သံပုရာသီး ထည့်သုံးဆောင် နိုင်ပါသည်။
ငါးဖယ်နဲ့ပဲသီးသုပ်
ငါးဖယ်ကြော် လိုသလို ညှက်ပြီး ပဲသီးရယ် ကြက်သွန်ဖြူကြော်ထဲ ငပိထည့် ဆီသက် ထားတာ ရယ် ပုဇွန်ငံပြာရည် အချိုမှုန့် သံပုရာသီး ဗမာနံနံ ထည့် အချိုငံမြည်း သုံးဆောင်နိုင်ပါသည်။
(အိမ်ချက်တဲ့နည်းလေးပါ အကြိုက်တူက ချက်ရန် နည်းလေး ရေးထားပါသည် ရခိုင်မလေး တွေတော့ မှီဘူးပေါ့ နော်)
(၄) အာပူလျှာပူ
ပါ၀င်ပစ္စည်းများ
- ငါးကြင်းဖြူ ခုတ်သား - ၂၀သား
- ငါးဖယ်ခြစ် - ၁၀သား
- စပါးလင် - ၄ပင်
- ဂျင်း - လက်တဆစ်ခန့်
- ကြက်သွန်နီ - ၃ လုံး
- ကြက်သွန်ဖြူ - ၁ လုံး
- ဆီ - ၂ ဟင်းစားဇွန်း (ငါးဆီသက်ရန်)
- ငံပြာရည် - သင့်ရုံ
- ဆား
- ငရုပ်ကောင်းစေ့ -အနည်းငယ်
- နံနံပင်
- ကုလားပဲ
- ရွှေလိပ်ပြာ အကြော်မှုန့် အနည်းငယ်
- ငပိ၊ ငြုပ်သီးစိမ်း - စိတ်ကြိုက်
- ကွကျဥ - ၃ လုံး
- မုန့်ဖက် - ၅၀ သား
- သံပုရာသီး
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးစွာ ပဲကပ်ကော်ရန် ကုလားပဲများ နူးရန် ရေစိမ်ထားပါ။
ငါးများကို ရေဆေး သန့်စင်၍ စပါးလင် ၂ပင် ထုပြီး ငံပြာရည်သင့်ရုံ၊ ရေနွေးသင့်ရုံဖြင့် မွှေးလာအောင် ပြုတ်ပါ။ ပြီးလျှင် အရိုးသင်ထားပါ။
ကျန်စပါးလင်၂ ပင်နုတာလေးတွေလှီး၊ ကြက်သွန်နီ၊ ငရုပ်ကောင်းများများ ညက်အောင်ထောင်းကာ ဆီနှစ်ဇွန်းဖြင့် မကပ်တဲ့ အိုးမှာ အနံမွှေးလာအောင် ဆီသက်ပေးပါ။ ဂျင်းကို ထုပြီး ထည့်ပါ။
ပြီးလျှင် ရေကိုစိတ်ကြိုက် ထည့်ကာ ဟင်းရည်ကျအောင် ကျိုပေးပြီး အပေါ့ အငံ အတွက် ဆားသင့်ရုံ ထည့်ပေးပါ။ ဟင်းရည် အတွက် ရပါပြီ။ လတ်ဆတ်တဲ့ ငါးဆိုတော့ အချိုမှုန့်၊ အရသာမှုန့်မလိုပါ။
ငါးဖယ်များကို ဆားသင့်ရုံ ထည့်နယ်ကာ ကြော်ထားပါ။
ကုလားပဲနူးလျှင် ရွှေလိပ်ပြာမှုန့် ကျဲကျဲဖြင့် ဆားသင့်ရုံထည့်ကာ ကြော်ပေးထားပါ။
မီးကင်ထားသော ငပိများကို လှော်ထားသော ငြုပ်သီးစိမ်း၊ ကြက်သွန်ဖြူများဖြင့် ညက်အောင် ထောင်းပေးပါ။
အားလုံးပြီးလျှင် မုန့်ဖက်၊ ကြက်ဥ၊ ငါးဖယ်ကြော်၊ ပဲကပ်ကြော်၊ ငပိထောင်းစပ်စပ်၊ နံနံပင်၊ သံပုရာသီး များဖြင့် မိမိစိတ်ဝကြိုက် ပြင်ဆင်ကာ ဟင်းရည် ပူပူလေး ထည့်ကာ သုံးဆောင် နိုင်ပါပြီ။
(၅) ရခိုင်မုန့်တီချက်
ပြုလုပ်နည်း
(1) ငါးကို ကင်ပါ။
(2) ငါးကင်နေစဉ် ကြက်သွန်အဖြူ ခပ်များများ ကို ထောင်းပါ ပြီးရင် ငရုတ်ကောင်းမှုန့် ထောင်းပါ။ ငါးကင်တာ ရလောက်ပြီဆို ကိုယ်စားလောက်မယ့် ရေပမာဏ ကို အိုးထဲထည့်ပြီး ငါးပိစိမ်းစား ထည့် ပြီး တည်ထားလိုက်ပါ။
(3) ငါးအသားကို နွင်ပါ။ အရည်ကြည်ကြည်လေး လိုချင်ရင် အသားမွှတဲ့အခါ ခပ်ကြီးကြီးမွှ ပေးပါ။ သေးသေးမွှမွှ လေးတွေ ဆို အိုးထဲထည့်လိုက်တဲ့အခါ ဟင်းအရည်တွေ နောက်ကုန်လိမ့်မယ်။
(4) ရေနွေးတည်တာဆူခါနီးရင် ခုနက ထောင်းထားတဲ့ ကြက်သွန်ဖြူရယ် ငရုတ်ကောင်းမှုန့်ရယ် နွင်ထားတဲ့ငါးအသားရည် အိုးထဲ ထည့်လိုက်ရုံဘဲ။ ပြီးရင် ဆား အချိုမှုန့် လိုသလောက်ထည့် ပြီး ဆူလာတဲ့အထိ အဖုံးအုပ်ထားပေးပါ။
သတိပေးချက် - ဆူလာရင် မီးမပိတ်နဲ့ဦး မီးအေးအေး လေး နဲ့ တည်ထားဦး ချက်ချင်းမီးပိတ်ရင် ငါးပိအစိမ်းနံ့ ထွက်တတ်လို့။
ငါးရွှေကအချိုအရသာအတွက်အကောင်းဆုံးပါဘဲနော် ဒါပေမဲ့ အိမ်မှာချက်စားတာမို့ ငါးကြင်းသုံးလည်းအဆင်ပြေပါတယ်နော်။
ကြက်သွန်ဖြူ လေးတွေလှီးပြီး ဆနွင်းထည့်ကာဆီချက် ချက် ပေးပါ။
ငရုတ်သီးစိမ်းကိုအညှာခြွေပြီး ပြုတ်ပေးပါ ပြီးရင် ထောင်းပါ ရလာတဲ့ငရုတ်ဖတ်ကို မုန့်တီဟင်းရည်လေးရောပြီး ငရုတ်စိမ်းဖျော်နိုင်ပါတယ်ရှင့်။
မန်ကျည်းသီးအနှစ်လည်း မုန့်တီအရည်ထည့်ပြီး ဖျော်ကာ မုန့်တီနဲ့အတူတကွ သုံးဆောင်နိုင်ပါပြီရှင့်။
(၆) ရခိုင်မုန့်တီ (အာပူလျှာပူ၊ အသုပ်/အရည်)
ပါဝင်ပစ္စည်းများ
- မုန့်ဖတ်ခြောက်...၁ ထုပ် (ပြုပ်ပြီး ရေဆေးပြီးစစ်ထားပါ)
- (သို့)မုန့်တီဖတ်...၁ ပိဿာ
- ငါးကြင်းဖြူ...၃၀ ကျပ်သား(ဆား ဂျင်း ငရုပ်ကောင်း အနည်းငယ် ထည့်ပြီးပြုပ်ထားပါ)
- ငရုပ်ကောင်း...လက်ဖက်ဇွန်း ၂ဇွန်း
- ပဒဲကောအမှုန့်...လက်ဖက်ဇွန်း ၃ဇွန်း
- ပုဇွန်ငါးပိ...ထမင်းစားဇွန်း ၃ဇွန်း(ရေ ကော်ဖီခွက် တစ်ခွက်ထည့်ြ ပီးဖျော်ထားပါ)
- ငါးငပိ...ထမင်းစားဇွန်း ၃ဇွန်း (ကျိုထားပါ)
- ငရုပ်သီးစိမ်း ...၅ ကျပ်သား(ညက်အောင်ထောင်းပြီး ဆား အနည်းငယ် ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းထည့်ပြီး စိမ်ထားပါ ငရုပ်သီးမဲမသွားဘဲ ကြာကြာအထားခံပါတယ်)
- ငါးဖယ် ...၂၅ ကျပ်သား( ဆား ဂျင်း ကြက်သွန်ဖြူ နဲ့ရော ထောင်းပြီး အပြားလေးတွေလုပ်ပြီးကြော်ထားပါ)
- နံနံပင် ...အနည်းငယ်(သင်ထားပါ)
- ဟင်းခတ်မှုန့် ...(သုံးရင်ထည့်ပါ)
- ဆား ။ ငံပြာရည်...(အနည်းငယ်)
- ဆီ...၁၀ ကျပ်သား (ဆီချက် ချက်ရန်)
- သံပုရာသီး...၄-၅ လုံး(လိုသလောက်)
ပြုလုပ်ပုံများ
၁ ။ ကြက်သွန်ဖြူ ထောင်းပြီးသား တစ်ဝက်ကို ကြွပ်နေ အောင်ကြော်ပြီး ဆီဒယ်အိုးဖင်ကပ် ချန်ထားပြီး ဆယ်ထားပါ။
၂ ။ ပြုပ်ပြီးငါးကို ဆယ်ပြီးအသားထွင်ပါ ။ ၁ ပုံကိုချန်ထားပြီး ၂ ပုံကို ဒယ်အိုးဖင်ကပ်ကျန်တဲ့ ဆီနဲ့ ဆား ငံပြာရည််ထည့်ပြီး အနည်းငယ် ခြောက်အောင် လှော်ထားပါ။
၃ ။ လှော်ပြီးသားငါးအနည်းငယ်ချန်ထားပြီး ငါးငပိရည်ကျိုပြီးသား လောင်းထည့်ပါ။ ငရုပ်သီးစိမ်းထောင်းပြီးသားစိတ်ကြိုက်ထည့်ပါ။
၄ ။ ပုဇွန်ငါးပိ မီးဖုတ်ကို ကြက်သွန်ဖြူ အနည်းငယ်နဲ့ ငရုပ်သီးစိမိး စိတ်ကြိုက်ထည့်ထောင်းပြီး ရေထမင်းစားဇွန်း ၁ဇွန်း နဲ့ ဖျော် ထားပါ။
၅ ။ “မုန့်တီ အရည် ချက်ပါမယ်”ငါးပြုပ်ရည်ကို ရေစိတ်ကြိုက်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူရင် ကြက်သွန်ဖြူ ထောင်းပြီးသား ပဒဲကော ငရုပ်ကောင်း ချန်ထားတဲ့ ငါးထွင်ပြီးသား ၁ပုံ ထည့်ပါ။ရေဖျော်ထားတဲ့ ပုဇွန်ငါးပိ အပေါ်ယံအရည်ကြည်ထည့်ပါ ( အောက်ကအနည်တွေမထည့်ရပါ) ဆားအပေါ့ အငန် စိတ်ကြိုက်ထည့် ဆူအောင်တည် ဒါဆိုရင် ရပါပြီ ( ပူပူကြိုက်လျှင် ပဒဲကော ပိုထည့်ပါ ။ ပဒဲကောအပင်ရှိရင် ထည့်ပါ မရှိရင် အမှုန့်ထည့်လို့ရပါတယ်)
၆ ။ “ရခိုင်မုန့်တီအသုပ်အတွက် “ မုန့်ဖတ်ထည့် ကြက်သွန်ဖြူ ကြော် ငါးဖယ်ကြော် ငါးငပိငရုပ်သီးစိမ်းချက် ပုဇွန်ငါးပိဖျော် နံနံပင် အားလုံးစိတ်ကြိုက်ထည့်ပြီး သံပုရာသီးချဉ်ချဉ်ညှစ် မုန့်တီ ဟင်းရည် အနည်းငယ် ထည့်ပြီး ရောနယ်ပါ ရပါပြီ။
၇ ။ “မုန့်တီ အရည်အတွက်”စားမည့်ပန်းကန်ထဲကို မုန့်ဖတ််ထည့် ငရုပ်သီးစိမ်းထောင်းထည့် ကြက်သွန်ဖြူ ကြော်ထည့် ငါးမှုန့် ကြော်ထည့် ငါးဖယ်ကြော်ထည့် သံပုရာသီးချဉ်ချဉ် ညှစ် နံနံပင်ထည့် ပွက်ပွက်ဆူနေတဲ့ မုန့်တီ ဟင်းရည် လောင်းထည့် “ရခိုင်မုန့်တီ (အာပူလျှာပူ)” ရပါပြီ ။ ငါးငပ်ိဖျော်နဲ့ ပုဇွန်ငါးပိ ဖျော်က တမျိုးဆိုရင် ရပါတယ် ။ စုံအောင် နှစ်မျိုး လုပ်ပေးထား တာပါ ။ ငါးဖယ်ကြော်ကလည်း အပိုလုပ်တာပါ ။ မထည့်လည်းရပါတယ်။

0 comments